ပင်မစာမျက်နှာ

အရသာရှိသော ဟင်းချက်နည်း၏ လှို.ဝှက်ချက်များ

ဟင်းလျာတွေ ချက်ပြုတ်စီမံရင်းနဲ့ ခွဲလို့ မရအောင် တွဲလွန်းတဲ့သူတွေကို သတိထားမိလာတယ်။
ကြက်သားဟင်းချက်လျှင် အာလူးအမြဲလိုက်ပါတယ်။ အားမရလွန်းလို့ KFC ကြက်ကြော်လို Fast Foodအစာမှာတောင် အာလူးကိုအချောင်းကြော်အနေနဲ့တွဲစားပေးရတဲ့အထိပါ။
ဘဲကို စတူးလိုပဲလုပ်လုပ်, ဟောင်ကောင်ဘဲပေါင်းပဲ လုပ်လုပ် မှိုအမည်းနဲ့ ဂျပန်တိုဟူးကို အရည်ကျိုပြီးထည့်ရပါတယ်။ ပညာသျှိုတတ်တဲ့သူတွေကတော့ မှိုနဲ့တိုဟူးပါမှန်းမသိအောင် အဖတ်တွေပြန်ဆယ်ထားပြီး လက်စဖျောက်တတ်တယ်။
ကဏန်းကို ဘယ်လိုပဲ လုပ်စားလုပ်စားပေါ့. . .ကြက်ဥတစ်လုံးလောက်တော့ ဖောက်ထည့်ရတာက လျှို့ဝှက်ချက်တစ်ခုပါ။
အကြော်နယ်တဲ့ မုန့် နှစ်ထဲကို ငှက်ပျောသီးတစ်လုံးကိုချေထည့်ပြီး ရွှေကြည်မှုန့် နည်းနည်းထည့် ရင် ဘူးသီးကြော်, ကြက်သွန်ကြော်, မည်သည့်အကြော်ဖြစ်ဖြစ် ပွပြီးကြွပ်ရွစေပါတယ်။
တရုတ်ဆိုင်က ခေါက်ဆွဲကြော်လိုမျိုး အိမ်မှာကြော်ရင် အနံ့ကော အရသာကောကွာခြင်းရဲ့ လျှို့ဝှက်ချက်က အိုးပါ။ အိုးသည်ပါးဖို့ လိုသလို ကြော်သည့်အိုးသက်သက်ပဲ ဖြစ်ရပါမယ်။့ ပြုတ်တာပေါင်းတာတွေမလုပ်ရပါဘူး။ အမြဲကြော်နေတော့ အိုးမှာကပ်ပြီး ဆီချေးဝလာပါတယ်။ အဲဒီဆီလွှာက ဆိုင်ဆန်တဲ့အနံ့အရသာကို ပေးစွမ်းပါတယ်။
မည်သည့်တရုတ်ဟင်းလျာပဲချက်ချက် မိုးလင်းကတည်းက ကြက်ရိုးကိုပြုတ်ပြီးတည်ထားတဲ့အရည်ကို ခပ်ထည့်လိုက်ပါ။ Chinese Restaurant အနံ့မထွက်မှာ မပူနဲ့တော့။
ဝက်သားချက်တဲ့အခါ သကြားနည်းနည်းလေး ခိုးထည့်ကြည့်ပါ။
တုံယမ်းဟင်းရည်ချက်ပြီး ခါးသွားလို့ ထိုက်ထိုင်ညည်းကြတာ ရှောက်ရွက်ကြောင့်ပါ။ အမှန်က တုံယမ်းမှာထည့်တာ '' ရှောက်ဘီလူးရွက်'' ပါ။
ကန်စွန်းရွက်ကြော်ကို အစိမ်းမပျောက်အောင် ကြက်သွန်ဖြူနဲ့ဆားငွေ့အုပ်ပါတယ်။ တစ်ချို့ကျတော့ ကန်စွန်းရွက်ကို မကြော်ခင် ရေခဲရေထဲမှာဆားခပ်ပြီး စိမ်ဆေးတယ်။
ဧည့်သည်ထမင်းဖိတ်ကျွေးသခိုက် ထမင်းဖြူဖြူသန့်သန့် လေးမျက်နှာပန်းလှချင်ရင် ဆန်ဆေးတုန်းမှာ ရှောက်ရည်လေးညှစ်ထည့် ဆေးပေါ့
ဆိတ်သားမချက်ခင် နှပ်တဲ့အခါ ဒိန်ချဉ်ကိုသုံးရပါတယ်။ သံပုရာသီးညှစ်ပြီးနှပ်လည်း ရပါတယ်။
မုန့် ဟင်းခါးအကြောင်းပြောရင်တော့ ဓားထမ်းပြောရမယ်ထင်တယ်။ ကျွန်တော့် secret ကတော့ ငါးဖယ်ရိုးပြုတ်ရည်လေး လောင်းထည့်လိုက်တာပါ။
အညာမှာတိုဟူးသုပ်စားတာ အရမ်းကောင်းလို့  အိမ်မှာပြန်သုပ်ကြည့်တော့ အရသာကဘယ်လိုမှ မတူဘူးဖြစ်နေရင် မပူပါနဲ့။ စဉ့်အင်တုံထဲမှာ ဖျော်ထားတဲ့ဆားရည်က အညာတိုဟူးသုပ်ကောင်းရခြင်းရဲ့ အဓိကအချက်ပါ။
သိသမျှ Secrets လေးတွေ ပြန်လည်မျှဝေခြင်းပါ။ အသည်းနှလုံးကို အစာအိမ်ကနေပဲ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။
သူငယ်ချင်းတို့ လည်းသိထားတာလေးတွေရှိလျှင် အကြံပေးပြောပြလို့ ရပါတယ်။

No comments:

Post a Comment